တပ်ကုန်းမြို့နယ် ချမ်းမြေ့မြိုင်ရိပ်သာ ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

တပ်ကုန်း စက်တင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ချမ်းမြေ့မြိုင်ရိပ်သာတွင် ယာယီကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရိပ်သာရှိ မဟာအတုလ ဂုဏ်ရည်ဓမ္မဗိမာန်တော်တွင် ကျင်းပခဲ့ရာ မှော်ဘီမြို့နယ် အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဏဝံသအား အမှူးထား၍ ကိုပြည့်မောင် + Ma Smile မိသားစုနှင့် အောင်ဇမ္ဗူသာသနာပြုအဖွဲ့မှ လှူဒါန်းမှုကို  အောင်ဇမ္ဗူသာသနာပြုအဖွဲ့ကိုယ်စား ဆရာတော် ဘဒ္ဒန္တဓမ္မပီယက ရေဘေးသင့် အိမ်ထောင်စုပေါင်း ၅၀၀ စုအတွက် ငွေကျပ် ၄၀၀ သိန်းတန်ဖိုးရှိ  ထောက်ပံ့ရေးပစ္စည်းလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအတွက် သုံးပြည်ဝင်ဆန် အိတ် ၅၀၀ အိတ်၊ ဓာတ်ဆား ၁၀၀၀ ထုပ်၊ အိမ်ထောင်စုတစ်စုလျှင် အိမ်သုံးပစ္စည်း ၁၂ မျိုးပါ ပုံး ၅၀၀ ပုံးတို့ကို လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် လှူဒါန်းမှုအစုစုအတွက် ချမ်းမြေ့မြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီဟဉာဏက ရေစက်ချတရားဟောကြားခဲ့ပြီးနောက် အောင်ဇမ္ဗူသာသနာပြုအဖွဲ့က ထောက်ပံ့ရေးပစ္စည်းများကို ချမ်းမြေ့မြိုင်ရိပ်သာအတွက် သုံးပြည်ဝင် ဆန်အိတ် ၁၀၀  အိတ်၊ ဓာတ်ဆား ၃၀၀ ထုပ်၊  ဆီ ၂ ပုံးနှင့် ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်အိမ်ထောင်စု ၁၁၅ စုအတွက် အိမ်သုံးပစ္စည်း ၁၂ မျိုးပါ ပုံး တစ်ပုံးစီ ပေးအပ်၍လည်းကောင်း၊ ဓမ္မဂုဏ်ရည်သီလရှင်ကျောင်းအတွက် သုံးပြည်ဝင်ဆန် အိတ် ၁၀၀ အိတ်၊ ဓာတ်ဆားထုပ် ၁၀၀ ထုပ်၊  ဓမ္မရောင်ခြည်သီလရှင်ကျောင်းနှင့် သာသနာ့ဂုဏ်ရည်သီလရှင်ကျောင်းအတွက် သုံးပြည်ဝင်ဆန်အိတ် ၅၀ အိတ်စီနှင့် ဓာတ်ဆားအထုပ် ၁၀၀ ထုပ် ပေးအပ်လှူဒါန်းခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်နှင့် အောင်ဇမ္ဗူသာသနာပြုအဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ် ကျားသေအိုင်ကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်တိုက်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအတွက် သုံးပြည်ဝင် ဆန်အိတ် ၂၀၀ အိတ်၊ အိမ်သုံးပစ္စည်း ၁၂ မျိုးထည့်ထားသည့် ပုံး ၃၀၀ ပုံး၊ ဓာတ်ဆားထုပ် ၄၀၀ ထုပ်တို့အား ကျောင်ထိုင်ဆရာတော် ဘဒ္ဒန္တ ဩဘာသထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်