နေပြည်တော် စက်တင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း အခမ်းအနားကို ယမန်နေ့မွန်းပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဝင်းအတွင်း ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့လာပါက ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် အသင့်စုဖွဲ့ထားရှိသော အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ထိရောက်လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လူအင်အား၊ ယာဉ်/စက်/ယန္တရားများနှင့် လိုအပ်သည့် ပစ္စည်းများကို အသင့်ပြင်ဆင်စုဖွဲ့ထားရှိရမှာဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်များ အလိုက်ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ရေး အစီအမံများရေးဆွဲခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ရေးအတွက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသော နေပြည်တော်ကောင်စီ၊ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာဉ်/စက်/ယန္တရားများနှင့် လိုအပ်သည့် ပစ္စည်းများကို အသင့်ပြင် ဆင်စုဖွဲ့ ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)