တပ်ကုန်း စက်တင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ (၁၁) ရက်မှ (၁၂) ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး နဝင်းချောင်းရေလျှံမှုကြောင့် နဝင်းချောင်းဘေး ဝဲ၊ ယာတွင် ရှိသော ရေဘေးသင့်ခံခဲ့ရသည့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ရေဝင်ရောက်ခဲ့သော ချောင်းခွကျေးရွာအတွင်း ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် သောက်သုံးရေဖူလုံရေးနှင့်ပတ်သက်သည့် လက်နှိပ်တွင်း၊ စက်ရေတွင်းများ ရေရရှိမှုများ ကြည့်ရှုစစ်ဆေးခြင်း၊ ရေနစ်မြုပ်ခဲ့သည့် နေအိမ်များ၊လမ်းများ အခြေအနေနှင့် တင်ကျန်ရစ်ခဲ့သည့် ရွှံ့၊ နွံများ၊ အမှိုက် ဒိုက်များအား မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ စက်ယန္တရားဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ညောင်လွန့်ကျေးရွာ၊ ကွင်းအမှတ် (၁၂၇၀) ကွင်း၊ တောင်သူ ဦးမောင်သင်၏ ပေါင်းစည်းလယ်ယာ စိုက်ပျိုးထုတ်လုပ် မွေးမြူရေးခြံသို့ရောက်ရှိပြီး လုပ်ငန်းခွင်လုပ်ကိုင်မှု၊ စပါးစိုက်ခင်းများ ရေကြီးနစ်မြှုပ်မှုနှင့် ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများ စပါးပြန်လည်စိုက်ပျိုးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ ချမ်းမြေ့မြိုင် ရိပ်သာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်