နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ကွမ်းခြံကျေးရွာလမ်း ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေး

လယ်ဝေး  စက်တင်ဘာ  ၂၃

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများ၊ မြို့ရှောင်လမ်းမှ ကွမ်းခြံကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပျက်စီးမှုများအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ ရေလဲပေါက်ကျေးရွာစာသင်ကျောင်းတွင် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို ဦးဆောင်၍ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ ဝန်ထမ်းများ၊ ရဲတပ်သားသစ်သင်တန်းမှ သင်တန်းသားများစုပေါင်း၍ ရေကြီးနစ်မြုပ်ခဲ့သည့် ကျောင်းဝန်း၊ စာသင်ခန်းများနှင့် စာသင်ခုံများ၊ ပရိဘောဂပစ္စည်းများတွင် တင်ကျန်ခဲ့သည့် နုန်းများနှင့် အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ ခေါက်ဆွဲခြောက်၊ မုန့်နှင့် ရေသန့်များ ပေးအပ်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူလေးများ ပညာသင်ကြားရေး နှောင့်နှေးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ရေလဲပေါက်ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖူးမျှော်ကြည်ညို၍ နဝကမ္မအလှူငွေ၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်လိုက်ပါလျက် မြို့ရှောင်လမ်းမှ ကွမ်းခြံကျေးရွာသို့ သွားရောက်သည့်လမ်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ထက်ခိုင်စိုးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြသည်။ အဆိုပါ မြို့ရှောင်လမ်းမှ ကွမ်းခြံကျေးရွာသို့ ဆက်သွယ်ထားသည့်လမ်းမှာ အရှည် ၂ မိုင်ရှိပြီး ယနေ့အထိ ၀.၄ မိုင် ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကာ အမြန်ဆုံးပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)