ဟိုပုံး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးကြီး ဦးနေဝင်းအောင်သည် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ထိုးဆင်း၊ တိုက်စားမှုကြောင့် မဲနယ်တောင်ဒေသရှိ စံဖူး-နမ့်ခုတ်-ရွာသစ်လမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် တောင်ပြိုမြေဖယ်ရှားရှင်းနေမှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းသားပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်းတို့ကြောင့် ပိတ်ဆို့မှုဖြစ်နေသည့် တောင်ပြိုမြေများနှင့် သစ်ပင်ကိုင်းများရှင်းလင်းခြင်းကို နေ့စဉ်ဆောင်ရွက်နေမှုအခြေအနေများ တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် စံဖူး-နမ့်ခုတ်-ရွာသစ်လမ်း ဗန်းစောက်ကျေးရွာ ၁၆/၆ မိုင်နှင့် စံဖူးကျေးရွာ ၁၄/၂ မိုင်တို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်းတို့ကြောင့် ပိတ်ဆို့မှုဖြစ်နေသည့် တောင်ပြိုမြေများနှင့် သစ်ပင်ကိုင်းများအား လမ်းဦးစီးဌာနမှ ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ အမြန်ရှင်းလင်းဆောင်ရွက်ရန်၊ ယာဉ်များပုံမှန်သွားလာနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး၊ စနစ်တကျဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် စံဖူးကျေးရွာအုပ်စု၊ လုံဟီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိ၍ လုံဟီးကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒကအား သွားရောက်ဖူးမြော်ပြီး ဆရာတော်အား လှူဖွယ်ဝတ္ထုနှင့် အလှူတော်ငွေများ၊ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)