မိတ္ထီလာမြို့နယ် မကျီးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် မကျီးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ကြွယ်ကန်ကျေးရွာအုပ်စု မကျီးကုန်းကျေးရွာ၌ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၅ သန်းနှင့် ပြည်သူ ထည့်ဝင်ငွေ ၅.၇၀ သန်းတို့ဖြင့် အရှည်ပေ ၆၆၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ  ကျေးရွာ တွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း သြဂုတ်လ ၉ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများ၏ စုပေါင်းအားဖြင့် ဆောင်ရွက်လျက်ရှိရာ ၎င်းကွန်ကရစ်ခင်းခြင်းလုပ်အား မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်နှင့်အညီ ပြီးစီးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၂၅၅သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် သန်း ၉၁.၃၀  စုစုပေါင်း (၃၄၆.၃၀) သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။       

သိန်းမြင့်ကျော်(မိတ္ထီလာ)