သာစည်မြို့နယ်၌ ရေကြီးရေလျှံခဲ့မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှောင့်နှေးမှုမရှိစေရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ဆန်ရေရိက္ခာ ထောက်ပံ့

သာစည် စက်တင်ဘာ ၂၃

မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ရာဂီမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များကြောင့် စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှု‌များ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှောင့်နှေးမှုမရှိစေရန် စက်တင်ဘာ ၂၁ ရက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အောင်သာကျေးရွာကွင်းအမှတ်(၁၈၃၉)တွင် မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့ချစိုက်မှုအား ကြည့်ရှုပြီး တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးသည်။ ဆက်လက်ပြီး ကြာဘက်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ တောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး အသိပညာပေးခြင်း၊ သွင်းအားစုများနှင့်မျိုးစေ့များ၊ တောင်သူသုံးကိရိယာများ ထောက်ပံ့ခြင်း၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း၊ ရေဘေးကြောင့် သီးနှံပျက်စီးမှုများနှင့် တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အားပေးစကားများ ပြောကြားကာ ကြာဘက်ကုန်း ကန်ကျိုးပေါက်နေမှုအား ပြန်လည်ပြုပြင်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ လှိုင်းတက်တိုက်နယ်ဆေးရုံ (မဖွင့်ရသေး) သန့်ရှင်းရေးဆောင်ရွက်ထားထားမှု၊ မုန်ပင်ကျေးရွာ သဲလွန်းချောင်းလူကူးတံတားပျက်စီးမှု၊ ပြည်ညောင်တံတားချဉ်းကပ်လမ်းပျက်စီးမှုနှင့် ကြပ်စခန်းကျေးရွာအနီးရှိ မြစ်ဆုံကွေ့လမ်းရေတိုက်စားမှုတို့ကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ကြပ်စခန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရေဘးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ရိက္ခာများနှင့် တကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါ ဂျပ်ဖာ(၈)ဖာတို့ကို ထောက်ပံ့ပေးသည်။ ဆက်လက်၍ ကြပ်စခန်းအ.လ.က(ခွဲ)နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအမြန် ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ဉာဏ်ကန်ကျေးရွာအုပ်စု ညောင်ရမ်းကန် ရေခြားတံမံကျိုးပေါက်မှုပြုပြင်နေမှုအား သွားရောက်ကြည့်ရှုရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)