မန္တလေး စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေများဝင်ရောက်မှုကြောင့် လယ်ယာမြေများတွင် ရေများဝင်ရောက်ခဲ့ရာ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သော စပါးသီးနှံ စိုက်ခင်းများ ပြန်လည်ပြုစုထိန်းသိမ်းရာတွင် ဆောင်ရွက်ရမည့်နည်းများအား အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနှင့် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက မြစ်ရေ ဝင်ရောက်သည့် ကျေးရွာများသို့ ကွင်းဆင်း၍ တောင်သူများနှင့် တွေ့ဆုံကာ ရေဝင်ရောက်ခဲ့သည့် စပါးခင်းများ ရေကျပြီးနောက် ပုံမှန်အခြေအနေရောက်ရှိပါက စပါး(၁)ဧကအတွက် ယူရီးယား(၄၀)ပေါင်၊ ပိုတက်စီယံ(၂၀)ပေါင်၊ တို့အား(၃)ပတ်ခြားတစ်ကြိမ် စုစုပေါင်း(၃)ကြိမ် ထည့်သွင်းခြင်း၊ ယူရီးယားမြေဩဇာ ထည့်သွင်းတိုင်း ထုထည်ဆတူ နွားချေးမှုန့်/မြေမှုန့်အခြောက်တို့နှင့် ရောနှော၍ အရိပ်အောက် တစ်ညသိပ်ကာ ထည့်သွင်းပေးသင့်ကြောင်း၊ ဟျူးမစ်နှင့်ပျူးဗစ်အက်စစ်တို့ပါဝင်သော ရွက်ဖျန်း အားဆေးရည်များအား အပင်အခြေအနေအပေါ် မူတည်၍ (၂-၃) ကြိမ်ခန့် ပက်ဖျန်းခြင်း၊ စပါးပင် အနှံစချိန်မှပန်းပွင့်ဖြိုင်ချိန်အထိ ယူရီယားမြေဩဇာ စတီးဇွန်း(၄)ဇွန်းခွဲနှင့် လက်ခြားမှုန့်(၁)ဇွန်းတို့အား ရေတစ်ဂါလံတွင် ပျော်အောင်ဖျော်၍ တစ်ဧကလျှင် ဂါလံ(၂၀)မှ(၂၅)အထိ (၇-၁၀)ရက်ခြား တစ်ကြိမ် ဖျန်းပေးခြင်း၊ ပျက်စီးဆုံးရှုံးမှုသည် (၂၅)ရာခိုင်နှုန်းခန့်ဖြစ်ပါက အပင်ပွားကောင်းမွန်သည့် စပါးပင်မှ အပင်များကို ခွဲယူ၍ အပင်သေဆုံးသည့် နေရာများတွင် ကောက်ဖာစိုက်ပျိုးခြင်း၊ ပျက်စီးဆုံးရှုံးမှုများသော စပါးခင်းများအား အချိန်မီပါက သက်တမ်းတို (၉၀-၁၁၀) စပါးမျိုးများ အစားထိုးပြန်လည်စိုက်ပျိုးခြင်း၊ ဒေသရေမြေ ရာသီဥတုနှင့် သင့်တော်မည့် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း စသည့် အသိပညာ ပေးခြင်းများ ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)