ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး တာချီလိတ်မြို့၌ ရေဘေးပြည်လည်ထူထောင်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

တာချီလိတ် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာချီလိတ်မြို့၌ ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျနှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ယနေ့နံနက် ၈ နာရီက အောင်မြတ်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ရေကျသွားသည့်နေရာများရှိ ရွှံ့နွံနှင့်အမှိုက်များအား ဖယ်ရှားရှင်းလင်းခြင်းကို နေ့ဆိုင်းညဆိုင်းတာဝန်ခွဲဝေ၍ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ စက်သုံးဆီရရှိရေး၊ ရေနုတ်မြောင်းများတူးဖော်ရေး၊ ပြည်သူပါဝင်မှုအားကောင်းလာအောင် စည်းရုံးဆောင်ရွက်ရေး၊ ရေဘေးလှူဒါန်း ရရှိငွေများအား စနစ်တကျစီမံဆောင်ရွက်ရေး၊ လှူဒါန်းရရှိပစ္စည်းများအား အမှန်တကယ်လိုအပ်နေသူများထံ ပြန်လည်လှူဒါန်းပေးရေး၊ အမှိုက်သိမ်းစနစ်အား အင်အားထပ်တိုးဆောင်ရွက်ပေးရေး၊ ကျောင်းသားကျောင်းသူများ အစမ်းစစ်စာမေးပွဲများ အချိန်မီဖြေဆိုနိုင်ရေး၊ ရေဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ရမည့်လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးကျော်မင်းထိုက်တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး နယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက လျှပ်စစ်မီးနှင့်ရေရရှိရေးဆောင်ရွက်နေမှု၊ ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှု၊ ရေဘေးအန္တရာယ်လျော့ပါးရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံတည်ဆောက်ရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)