ညောင်ဦး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တောင်ဘီကျေးရွာအနောက်ဘက်၊ ရွှေကွန်ခြာဘုရားအနီး၊ နတ်ထောင့်တိုက်၊ အင်းဝကျောင်းအနီးတွင်တည်ရှိသော ရှေးဟောင်းအဆောက်အအုံအမှတ် ၁၉၈၃၊ (ဆုတောင်းပြည့်ဘုရား)သည် စက်တင်ဘာ ၂၁ ရက်၊ ၉ နာရီ ၄၅ မိနစ်ချိန်တွင် တိုက်မမြောက်ဘက်နံရံ ပြိုကျမှုကြောင့် တိုက်မအထက်ရှိကွမ်းတောင်နှင့် အထွဋ်စေတီတို့ ပြိုကျပျက်စီးခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အဆိုပါဘုရားမှာ ၁၆ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးမှုအရ အက်ကွဲကြောင်းများ တွေ့ရှိရပါသဖြင့် မိုးရေမဝင်စေရန်အင်္ဂတေဖော်လောင်းခြင်း၊ မိုးကာအုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် မိုးရွာသွန်းပြီးနောက် အက်ကွဲကြောင်းများ ပိုမိုကြီးမားလာပါသဖြင့် စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် သံပိုက်များဖြင့်ထောက်များထောက်ခြင်း၊ ချုပ်တန်းများပြုလုပ်ခြင်းဆောင်ရွက်လျက်ရှိရာ အရေးပေါ်လုပ်ငန်းများ ဆောင်ရွက်မှုမပြီးစီးမီ စက်တင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ချိန်တွင် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိခိုက်ပျက်စီးမှု အခြေအနေများအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များတို့က ပိုက်စိမ်းစဖြင့် ဧရိယာကန့်သတ်ကာရံခြင်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်နေမှုအခြေအနေများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း