နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပြည်သူအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပျဉ်းမနား စက်တင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်သူ အကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးအတူ အခြေခံပညာ မူလတန်းကျောင်း (သနပ္ပင်ဆိပ်)သို့ ရောက်ရှိပြီး ရေကြီးမှုကြောင့် နုံးတင်မြေနုများ တင်ကျန်နေသည့် စာသင်ခန်းများ၊ ကျောင်းဝန်းအတွင်းရှိ ကျန်ရစ်ခဲ့သော နုံးများ၊အမှိုက်များအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများ၊ ကျောင်းဝန်းအတွင်း မြေဖို့ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စာသင်ကျောင်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ပြည်သူများသွားလာရေး အဆင်ပြေစေရန်အတွက် ဆင်သေချောင်းကူးတံတားအား ယာယီ‌ ဘေလီသံဘောင်တံတားဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် မွန်းတည့်ခွင်၊ ကျည်တောင်၊ ခေါ်မ၊ ညောင်ပင်သာ လမ်း မိုင် ၁၆/၀ - ၁၆/၄ ကြားရှိ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် လမ်းအား ကြည့်ရှုစစ်ဆေးရာ ပျဉ်းမနားခရိုင်၊ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်အောင်က လမ်းလုပ်ငန်းပြင်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်သူများ သွားလာရေးအဆင်ပြေ ချောမွေ့စေရန်အတွက် ပျက်စီးနေသည့်လမ်းပိုင်းများအား အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် စက်ရုံကျေးရွာ၊ လူထုအခြေပြုရုံးတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သော နုန်းမြေများ  ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ဆင်သေကျေးရွာအတွင်းရှိ ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ပြည်သူများပြန်လည်နေထိုင်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများနှင့် အဝီစိရေတွင်းများ ပြန်လည်တူးဖော်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ပြည်သူများမိမိတို့နေအိမ်များတွင် အဆင်ပြေစွာ ပြန်လည်နေထိုင် နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ လမ်းဘေးဝဲယာရှိ အမှိုက်များ၊ ရေဝင်ရောက်မှုကြောင့်ပျက်ဆီးနေသည့် ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး  ရေဝင်ရောက်ခဲ့သည့်ကျေးရွာများတွင် ပြည်သူများ ရေကောင်း၊ ရေသန့်ရရှိစေရန်တွက် စေတနာရှင်ပြည်သူများနှင့် ပူးပေါင်း၍ အဝီစိရေတွင်းပေါင်း ၇၀ အား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ လိုက်လံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)