ကျေးသီးမြို့နယ် (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး  ဟောပြောပွဲ ကျင်းပ

ကျေးသီး စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကျေးသီးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန့်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်၊၊

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းမှ လူငယ်များ စာဖတ်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် မိမိတို့ ပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန် အသိပညာပေးခြင်းများစသည်ဖြင့် ဆွေးနွေးပြောကြားပါသည်။ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးတင်မျိုးညွန့်မှ လူငယ်နှင့်ဥပဒေအကြောင်း အသိပညာပေးခြင်း၊ စခန်းမှူး ဒုတိယရဲမှူး သန်းထွန်းမှ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလိုက်နာ၍ ဆောင်ရန်/ရှောင်ရန်များနှင့် ဒုတိယဆေးရုံအုပ် ဦးအောင်ဆန်းမှ လူငယ်နှင့်ကျန်းမာရေးအကြောင်း သိကောင်းစရာများစသည်ဖြင့် အသီးသီးဟောပြောခဲ့ပြီး ရဲတပ်ဖွဲ့ဝင်မိသားစုများ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ကျေးသီးမြို့စခန်းမှူး ဒုတိယရဲမှူးသန်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ပြီး (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ကျောင်းသူများ (၃၀)ဦးတို့ကို ဗလာစာအုပ်၊ ခဲတံနှင့် ပဲနို့ဘူး၊ အချိုရည်ဘူးများ လက်ဆောင်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း မုန့်များ ကျွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)