ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ဒဂုံအရှေ့ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သူက ကဗျာရွတ်ဆို ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ဦးဝင်းကိုကိုလတ်(ဖိုးလောင်းတူး-ဥပဒေ)က ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှ ကျောင်းသား/သူများက ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများကို မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များနှင့်၊ သုတ၊ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသော မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)