ကျောက်ပန်းတောင်း စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သဘင်အနုပညာရှင်များ အစည်းအရုံးမှ ဦးဆောင်၍ သဘင်အနုပညာရှင်များမှ ရေဘေးသင့် ပြည်သူများထံ လှူဒါန်းနိုင်ရန်အတွက်၊ ခေတ်ပေါ်သံစုံ တီးဝိုင်းဖြင့် သီဆိုဖျော်ဖြေ၍ လှည့်လည်အလှူခံခြင်း၊ အခြားအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ အလှူရှင်များက ထည့်ဝင်လှူဒါန်းခြင်းများဖြင့် ရရှိလာသည့် အလှူငွေနှင့် ပစ္စည်းများကို ယမန်နေ့ နံနက်က ရမည်းသင်းခရိုင်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ သွားရောက်လှူဒါန်းကြကြောင်း သိရသည်။
မြို့နယ် သဘင်အနုပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးမိုးကျော်၊ အတွင်းရေးမှူး ဦးချစ်မွှေးတို့မှ ဦးဆောင်၍ ဆိုင်းအတီးပညာရှင်များ၊ ဘိသိပ်ပညာရှင်များ အကပညာရှင်များ၊ လူရွှင်တော်များ အစရှိသည့် အလွှာအသီးသီးမှ သဘင်အနုပညာရှင်များ စုပေါင်း၍ မြို့ပေါ်လမ်းမများနှင့် ပုပ္ပား၊ တောင်ကလပ်တို့တွင် လှည့်လည်အလှူခံခြင်းနှင့် အခြားပရဟိတ အဖွဲ့အစည်းများမှ အလှူ ခံရရှိငွေများကို ပူးပေါင်းထည့်ဝင်ခြင်း၊ တစ်သီးပုဂ္ဂလ အလှူရှင်များက ထည့်ဝင်လှူဒါန်းခြင်းများဖြင့် ရက်သတ္တတစ်ပတ်ကြာ လှည့်လည်အလှူခံခဲ့ကြကြောင်း သိရသည်။ ထိုသို့ လှည့်လည်အလှူခံရာတွင်၊ အလှူခံရရှိငွေ စုစုပေါင်းမှာ ငွေကျပ် (၉၅၂) သိန်း၊ ဆန်(၃၂)အိပ်၊ ဆီ(၂၀)ပိဿာ၊ ဆား(၁၀၀)ပိဿာ၊ ကြက်သွန်နီ (၄၀)ပိဿာ၊ ငါးပိထောင်း (၃၀၀) ထုပ်၊ ရွှေဖယုံသီး (၃၅၀)လုံး၊ အာလူးကြော်(၃၀၀)ထုပ်၊ ရေသန့် 1.0 Liter (၂၂)ကဒ်၊ ဖော့်ဘိနပ် (၁၃၀)ရံ၊ အဝတ်အထည် အသစ် မျိုးစုံ(၅၀)ထုပ်၊ အဝတ်အည် အဟောင်း မျိုးစုံ (၂၀)ထုပ်၊ စုစုပေါင်း ပစ္စည်းတန်ဖိုးငွေကျပ် (၆၃) သိန်း၊ ငွေနှင့်ပစ္စည်းတန်ဖိုး စုစုပေါင်း (၁၀၁၅)သိန်းလက်ခံရရှိခဲ့ကြောင်း သိရပြီး၊ အဆိုပါ ငွေနှင့်ပစ္စည်းများအား၊ ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့သည့်၊ ရမည်းသင်းခရိုင်အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများထံ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)