နေပြည်တော် စက်တင်ဘာ ၂၂
နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီများအနေဖြင့် စီမံချက်ပါအတိုင်း လုပ်ငန်း တာဝန်များကိုဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးများအား ကြိုတင်မျှော်မှန်းပြီး ကူညီ ကယ်ဆယ်ရေးအတွက် စက်ယန္တရားများ၊ လူအင်အားများကိုစနစ်တကျစုဖွဲ့ ပြင်ဆင်ဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုဖြစ်ပွားသည့် သဘာဝဘေးနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး စီမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကြိုတင်ဖွဲ့စည်းထားရှိမှု၊ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရမည့် အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မိမိဌာနများအလိုက် စက်ယန္တရားကျွမ်းကျင်သူများ စုဖွဲ့ထားရှိရမည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မည့် အခြေအနေများ၊ သဘာဝဘေးနှင့် ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)