နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၊ နေပြည်တော်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား တက်ရာက်

နေပြည်တော် စက်တင်ဘာ ၂၂

 နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဟန်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း(အိုင်စောက်)သို့ သွားရောက်၍ ရေကြီး ရေလျှံမှုကြောင့် ကျောင်းအတွင်းနှင့် စာသင်ခန်းများတွင် ရေများဝင်ရောက်ခဲ့ပြီး ရေများပြန်လည် ကျဆင်သွားရာ အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် နုန်းများဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ကျောင်း၏ထိခိုက်ပျက်စီးမှု အခြေအနေများကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းအတွင်းရှိ နုန်းများကို ဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းများ၊  သင်ကြာရေးလုပ်ငန်းများကို အမြန်ပြန်လည်စတင်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သော နုန်းမြေများကို ဖယ်ရှားခြင်းနှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး စက်ယန္တရားများနှင့် ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(စိမ်းစားပင်) သို့သွားရောက်၍ သင်ကြာရေးလုပ်ငန်းများကို အမြန် ပြန်လည် စတင်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် နုန်းများဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ အောင်မြေဘုံရတနာ စိမ်းစားပင်ဘုန်းတော်ကြီး ကျောင်း၌ ရေဘေးသင့်ပြည်သူများအား သွားရောက်၍ အားပေးစကားပြောကြားပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် နေအိမ်မျောပါပျက်စီးမှု ၉၀ လုံး၊ နေအိမ်အားလုံးပျက်စီးမှု ၁၆ လုံး စုစုပေါင်း ၁၀၆ လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းနှုန်း၊ စုစုပေါင်း ထောက်ပံ့ငွေ ၁၀၆၀၀၀၀၀ ကျပ် နှင့် တစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပုံး တစ်ပုံးနှုန်းဖြင့်  စုစုပေါင်း ကယ်ဆယ်ရေးပုံး ၁၀၆ ပုံးတို့ကို ထောက်ပံ့ပေးအပ် ခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌများ၊ အလှူရှင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျေးဇူးတင်စကား ပြောကြားရာတွင် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်ကြောင့် နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ရုတ်တရက်တောင်ကျရေများ စီးဆင်းလာခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပြီး ထိခိုက် ပျက်စီးမှုများ များစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး မူလအနေအထားရောက်ရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယခုဖြစ်ပွားသည့် ဖြစ်စဉ်အား သင်ခန်းစာရယူ၍ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင်စုဖွဲ့ထားရှိခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရေဘေးသင့် ပြည်သူများ စားသောက်ရေး၊ သွားလာမှုလွယ်ကူအဆင်ပြေစေရေး၊ ကုန်စည်စီးဆင်းမှုပြတ် တောက်မှုမရှိစေရေးတို့အတွက် ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ရေများဝင်ရောက်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ လူနေအိမ်များ၊ စာသင်ကျောင်းများအတွင်း သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ပျက်စီးခဲ့မှုကို ပြန်လည်ကုစားနိုင်ရန်အတွက် စနစ်တကျစီမံဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ရေဘေးသင့် ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ရေဘေးသင့်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးကို စေတနာ ရှင်အလှူရှင်များက အလှူငွေများ လှူဒါန်းပေးကြသည့်အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ရပါကြောင်းပြောကြားသည်။

ယနေ့ အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ် ၉၀၁၀၄၀၀၀ ကျပ် နှင့် ငွေကျပ်သိန်း ၁၀၀၀  တန်ဖိုးရှိ စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများအား  လှူဒါန်းခဲ့ကြောင်း  သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)