လယ်ဝေး စက်တင်ဘာ ၂၂
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့ နံနက် ၈ နာရီက နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ဟေမန်ကျေးရွာမူလတန်းကျောင်းတွင် မြစ်ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သည့်နုန်းနှင့် အမှိုက်များအား အမှတ်(၂) ရဲတပ်သားသစ် သင်တန်းကျောင်း (ဝက်ထီးကန်)မှ သင်တန်းသား ၅၀ ဦး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ရေကြီးနစ်မြုပ်ခဲ့သည့် ဟေမန်ကျေးရွာနေအိမ်များရှိ ရေတွင်းနှင့် လက်နှိပ်တွင်းများ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆေးခတ်ခြင်း ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုကာ ရေနစ်မြုပ်ခဲ့သည့် နေအိမ်များရှိ ကျေးရွာပြည်သူများအား လိုက်လံအားပေး၍ ဟေမန်ကျေးရွာမှ ရေဘေးသင့် ပြည်သူများအတွက် ဆန် ၁၀ အိတ်နှင့် ဆီများ လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ညောင်ပင်အိုင်ကျေးရွာ မူလတန်းကျောင်းတွင် နုန်းနှင့် အမှိုက်များ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ထံ နဝကမ္မအလှူငွေ၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အင်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ဓမ္မာရုံရှိ ဘို့ကိုးလုံး၊ညောင်ပင်အိုင်၊ ပေါင်းလောင်းကျေးရွာများမှ ရေဘေးရှောင်အိမ်ထောင်စု ၁၃၅ စု၊ လူဦးရေ ၁၉၅ ဦး အတွက်နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၄၀၉၅၀၀ အား ပေးအပ်သည်။
အလားတူပင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့၊ သာဝတ္ထိ၊ အင်းသာအရှေ့ကျောင်းဆရာတော်ကြီးအားဖူးမျှော်ကြည်ညို၍ နဝကမ္မအလှူငွေ၊ ဆန်၊ ဆီ၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ ဓမ္မာရုံရှိ လက်ပံတန်းကျေးရွာမှ ရေဘေးရှောင်မိသားစု ၄၆ စု၊ လူဦးရေ ၁၈၄ ဦးအတွက် နေပြည်တော်ကောင်စီမှလှူဒါန်းသည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၃၈၆၄၀၀ တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)