သာစည် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ ရရှိစေရန် ကလေးအလုပ် သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဖြိုးလွင်က ကလေးသူငယ်တစ်ယောက်၏ အသက် အရွယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်များ၊ ကလေးသူငယ်တစ်ဦးအလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်၊အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်စေခိုင်း ခြင်း၊သာမန်ပုံစံဖြင့် အလုပ်စေခိုင်းခြင်း၊ အသက်အရွယ်အလိုက် သတ်မှတ်အလုပ်ချိန်များ၊ ဥပဒေများနှင့် အရေးယူနိုင်သည့်ပုဒ်မများ စသည်ဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက စာဖတ်ခြင်းအကျိုးကျေးဇူးများနှင့် စာဖတ်ကြရန် ပြောကြားသည်။ ထို့နောက် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို တက်ရောက်လာသော ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)