မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၂၂

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ စေတနာအလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်၍ ရေးဘေးများဖြစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ရေးဘေးသင့် ပြည်သူများအတွက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများ ပေးအပ်လှူဒါန်း‌ ပေးခဲ့ကြမှုအပေါ် အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း၊ ယခုလိုပါဝင် လှူဒါန်းပေးကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အသီးသီးလက်ခံခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအား ရင်းရင်းနှီးနှီး ကျေးဇူးတင်စကား လိုက်လံပြောကြားခဲ့သည်။

မွန်ပြည်နယ်အနေဖြင့် ရာဂီတိုင်ဖွန်းမုန်တိုင်း‌ကြောင့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ စေတနာရှင်အလှူရှင်များ၏  ငွေသားလှူဒါန်းမှု စုစုပေါင်း ကျပ်သိန်း (၂၈၅၉၈၀၀၀၀)ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)