နမ့်စန်(တ) စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ စက်တင် ဘာ ၁၁ ရက်နေ့၌ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့်အမှတ်(၄)ရပ်ကွက်တို့ရှိ လူနေအိမ်များရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၁)ရပ်ကွက်ရှိ ဓမ္မသုခဝါဆိုဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် အသီးသီးဆောင်ရွက်ခဲ့သည်။
ထိုသို့အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက နမ့်စန်မြို့နယ်အတွင်း ရေကြီးမှုဖြစ်စဉ်၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းထောက်ပံ့မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနအကြီးအကဲများက အမှတ် (၁)ရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၂၄၃)အိမ်၊ အမှတ်(၃)ရပ်ကွက်မှ (၈၆)အိမ်နှင့် အမှတ်(၄)ရပ်ကွက်မှ (၂၉)အိမ် စုစုပေါင်း(၃၅၈)အိမ်အတွက်အလှူရှင်များက စုပေါင်း လှူဒါန်းငွေ (၁၅၄)သိန်းကျပ်နှင့် စောင်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ INGO အဖွဲ့များ၊ လှုမှုကူညီရေးအသင်းအဖွဲ့များ၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များကလည်း အလှူငွေများ၊ စောင်များ၊ အဝတ်အစားများ၊ ဆန်၊ ရေပုံး၊ ရေဘူးများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ရေဘေးသင့် ပြည်သူများထံ စုပေါင်းလှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
သူရအောင်(နမ့်စန်)