မြောက်ဥက္ကလာပ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) အဆင် ပြေချောမွေ့စွာ တိုက်ကျွေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာလဲ့ညိုဝင်းက OCV ကာကွယ်ဆေး တိုက်ကျွေးနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဥ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (OCV)ကို ၂၀၂၄ ခုနှစ် တတိယပတ်နှင့် စတုတ္ထပတ်အတွင်း သက်ဆိုင်ရာရပ်ကွက် ဆေးတိုက်ကျွေးစုရပ်များတွင် ရပ်ကွက်တာဝန်ကျ သူနာပြုဆရာမများနှင့် ပရဟိတဆောင်ရွက်နေသူများ ပူးပေါင်း ၍ တိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် အသက်(၁)နှစ်အထက် ကလေး၊ လူကြီးများကိုတိုက်ကျွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်ကို မေးမြန်းရာ ကျန်းမာ ရေးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဝမ်းပျက်ဝမ်းလျှော ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ အင်အား ၁ဝဝဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)