ဟိုပုံး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူငယ်များကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရေး ရည်ရွယ်၍ဖွင့်လှစ်သည့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးလုပ်ငန်း မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကိုယနေ့နံနက် (၉)နာရီအချိန်က ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးကိုကိုလင်းက အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား (၁၀) ဦးထဲမှ အမှန်တကယ် လုပ်ငန်းထူထောင်ရန် ဆန္ဒရှိသူ၊ စာတွေ့/လက်တွေ့လုပ်ငန်းမှာ စိတ်ပါဝင်စားပြီး ပျက်ရက်မရှိ တက်ရောက်သူ၊ တက်ကြွစွာလိုက်ပါဆောင်ရွက်နိုင်သူ၊ စာတွေ့/လက်တွေ့ ဆန်းစစ်ချက်များတွင် ထူးချွန်စွာဖြေဆိုနိုင်သူ၊ လုပ်ငန်းနှင့်စပ်လျဉ်း၍ ဗဟုသုတရှိကာ ဒေသအတွင်း အနည်းဆုံး (၃) နှစ် အခြေချနေထိုင်ပြီး ရေရှည်တွင်လည်းဆက်လက်နေထိုင်မည့်သူ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့်သူ စသည့်စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ထူးချွန်သင်တန်းသား (၅)ဦးကို ငွေကျပ် (၁၄) သိန်းတန်ဖိုးရှိ လုပ်ငန်းထူထောင်ရန်လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေးသုံးစက်ပစ္စည်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ကာ၊ သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးလုပ်ငန်း မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာအခြေခံသင်တန်းအား ဩဂုတ်လ (၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ လည်းကောင်း၊ မွမ်းမံသင်တန်းအား စက်တင်ဘာလ (၇) ရက်နေ့မှ (၂၁) ရက်နေ့အထိလည်းကောင်း စာတွေ့လက်တွေ့ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီး၊ ဆက်လက်၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် အခြေခံစက်ချုပ်သင်တန်းအား စက်တင်ဘာလ (၅) ရက်နေ့မှစတင်ကာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)