မင်္ဂလာတောင်ညွန့် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် စာပေကို ချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့်ဗဟုသုတနှင့် အကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောခဲ့ပြီး စာရေးဆရာမ ဒေါ်ရူပါသိမ်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် လူငယ်များ ယဉ်ကျေးမှုကို ထိန်းသိမ်းတန်ဖိုးထားတတ်စေရန်တို့ကို ဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)