ပူတာအို စက်တင်ဘာ ၂၁
ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင်ဒေါ်ဒေါင်နန်းနှင့် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှေက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက် (၉)နာရီခွဲက ကိုယ်ဝန်ဆောင်မိခင်များ၊ ဘိုးဘွားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ နာယကနှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ နာယကဒေါ်လဖိုင်နန်ဆိုင်းက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကလေးရောမိခင်ပါကျန်းမာသန်စွမ်းလာစေရန်အတွက် ဗီတာမင်အားဆေးများပုံမှန်သောက်သုံးရန်လိုအပ်ကြောင်း အားပေးစကားပြောကြားပြီး ပူတာအိုခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက ကိုယ်ဝန်ဆောင်မိခင်များဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားသည်။
ဆက်လက်၍ နာယကနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များထံ ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများထောက်ပံ့ပေးအပ်ပြီး ခရိုင်ပြည်သူ့ဆေးရုံ ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် နာယကနှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာသို့သွားရောက်ပြီး ဘိုးဘွားတာဝန်ခံနှင့်ဘိုးဘွားများအားရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ဘိုးဘွားရိပ်သာအတွက် ဆန်၊ ဆီ၊ ဆားနှင့်ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ရာ ခါကာဘိုဘိုးဘွားရိပ်သာတာဝန်ခံ ဦးဖလားဆင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထိုမှတစ်ဆင့် နာယကနှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် မချမ်းဘောမြို့ ရပ်ကွက်(၃)ရှိ ဒေါ် အဂျွန်နန်မိုင်နေအိမ်၌ မချမ်းဘောမြို့ရှိ ဘိုးဘွား(၂၅)ဦးနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ဘိုးဘွားများအားထောက်ပံ့ငွေနှင့် အာဟာဖြည့်အစားအစာများထောက်ပံ့ပေးအပ်သည်။
ထို့နောက် နာယကနှင့်အဖွဲ့ဝင်များသည် မချမ်းဘောမြို့ ရပ်ကွက်(၄)တွင်ဖွင့်လှစ်ထားသည့် ရတနာမူကြိုကျောင်းသို့ရောက်ရှိပြီး မူကြိုကျောင်းရင်သွေးငယ်ကလေးများ၏တေးသီချင်းသီဆို ဖျော်ဖြေနေမှုများကိုကြည့်ရှုအားပေးကာ ရင်သွေးငယ်ကလေးများအတွက် အာဟာရဖြည့်မုန့်များနှင့် ဆရာမများအား ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်သည်။
ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်အဖွဲ့ဝင်များသည် စက်တင်ဘာ(၁၉)ရက်နံနက်ပိုင်းက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသော သားဖွားမီးယပ်၊ ခွဲစိတ်လူနာများနှင့်အခြားလူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)