ဟိုပုံး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၆) ခုနှင့် ကျေးရွာပေါင်း (၄၀) ကျော်တို့တွင် တောင်ကျရေများဝင်ရောက်ခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဖြစ်စဉ်များကြောင့် မဲနယ်တောင်ဒေသရှိ ကျေးရွာချင်းဆက်လမ်းများ လမ်းသားပဲ့ကျမှု၊ မြေသားပြိုကျကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာသူရွာသားများ သွားလာရေး ခက်ခဲလျက်ရှိရာ ကျေးရွာသူရွာသားများ သွားလာရေးအဆင်ပြေစေရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာနေဒေသခံပြည်သူများပူးပေါင်း၍ ပြိုကျပျက်စီးခဲ့သည့် လမ်းတံတားများ အမြန်ပြန်လည်အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပြီး နမ့်ခုတ်-စံဖူး-ရွာသစ်လမ်းအတွင်းရှိ တောင်ပြိုကျကာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ မြို့နယ်လမ်းဦးစီးဌာနမှ စက်ယန္တယားများအသုံးပြု၍ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲနယ်တောင်ဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြိုကျပျက်စီးခဲ့သည့်လမ်းများအား အမြန်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် မကြာမီကာလအတွင်း နမ့်ခုတ်-စံဖူး-ရွာသစ်လမ်းအား ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)