ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်း သွေးလှူဒါန်းမှုအား လှည့်လည်ကြည့်ရှုအားပေး၊ အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်

စစ်တွေ စက်တင်ဘာ  ၂၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်း သာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင် မိသားစုများက စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ ပေးအပ်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးသို့သွားရောက်ပြီး ဘုရားကြီးအားဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြကာ ဘုရားကြီး သိမ်တော်ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများထည့်ဝင်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးသိမ်တော်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုကိုးနဝင်းဓါတုဧးစေတီသို့သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး ဧးစေတီသိမ်တော် ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများထည့်ဝင်လှူဒါန်းကြကာ ဧးစေတီသိမ်တော်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးအနီးရှိ ရွာကြီးတောင်ရပ်ကွက်ဈေးတွင် ဈေးသူ၊ ဈေးသားများဈေးရောင်းချနေမှု၊ ဈေးလာရောက် ဝယ်ယူသူများဖြင့် စည်ကားနေမှုကို  လှည့်လည်ကြည့်ရှုပြီး ဈေးရောင်းချနေသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်၍ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေကြသည့် လူနာများအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးဝင်းအတွင်းနှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးအောက်ရှိ ရဲတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအောက်ရှိတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ၊ သီးခြားရဲတပ်ဖွဲ့ခွဲ များမှ ရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကိုသွားရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် သွေးလှူဒါန်းကြမည့် တပ်ဖွဲ့ဝင်များအား ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက် ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များစုပေါင်းသွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြပြီး သွေးလှူဒါန်းကြသည့်တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးအောက်ရှိ ရဲတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ(၂၅)ဦး၊  ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအောက်ရှိ တပ်ဖွဲ့ဝင် များနှင့်မိသားစုများ (၄၀)ဦးတို့က သွေးအမျိုးအစားမျိုးစုံ (၆၅) လုံးကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)