ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုင်းတုံ  စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

ဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးဝင်းကျော်သူနှင့်တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်း‌ကောက်သင်တန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်သန်းခေါင်းစာရင်းကော်မတီအဖွဲ့ဝင်များက ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရန်နီးကပ်လာပြီးဖြစ်၍   ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့‌နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက  ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်လျက်ရှိသည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲသို့သွား‌ရောက်ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ သင်တန်းကာလပြီးမြောက်ပါက မြေပြင်ကွင်းဆင်း၍ စာရင်းစစ်၊ စာရင်းကောက်လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး၊ ချိတ်ဆက်ပူး‌ပေါင်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့်ကူညီဆောင်ရွက်မှုများကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)