ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၄) ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြရန်နှင့် မိမိဌာန၊ မိမိရုံး၊ မိမိတို့လုံခြုံမှုကိစ္စများကို အထူးအလေးထား‌ဆောင်ရွက်ကြရန်မှာကြားထားကြောင်း၊ ဒေသခံပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အချို့တို့တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ သို့သော်လည်း လုပ်ဆောင်နိုင်သည့်ဒေသများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မိမိတို့ရုံးဌာန၏ လုပ်ငန်းတာဝန်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့်တာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင် ပေးကြသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍လည်း ပြည်နယ်အစိုးရအဖွဲ့က များစွာအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် ရောက်နိုင်ရေး၊အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုလျက်ရှိကြကြောင်း၊ ဆရာ၊ ဆရာမများနှင့် ပတ်သက်၍လည်း လိုအပ်ချက်ရှိပါက တင်ပြပေးကြစေလိုကြောင်း၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ပတ်သက်၍လည်း များစွာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပင်စင်စားဝန်ထမ်းများအား ကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးရန် စီမံထားလျက်ရှိကြောင်း၊ လာမည့်အောက်တိုဘာလ ၁ ရက်နေ့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် လည်း ဌာနဆိုင်ရာအားလုံးက ပူးပေါင်းဆောင်ရွက်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားထည့်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားအားကစားပွဲတော်အတွက် ပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ ထိုသို့ ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်လျှင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများကလည်း တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းပါဝင်ကူညီပေးကြစေလိုကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများကလည်း ဝန်ထမ်းများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးကာ ဝန်ထမ်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆန်နှင့် အခြားသောစားရေရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများစိုးရိမ်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနီးကပ်ပူးပေါင်းပြီး အကောင်းဆုံးကြိုးစားစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးများ၊ စားရေရိက္ခာများနှင့် စက်သုံးဆီများ ပြတ်လတ်မှုမရှိစေရေးအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရေလမ်းကြောင်းမှသယ်ယူ ပို့ဆောင်ဖြည့်တင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝါတွင်းကာလတွင် ဆရာတော်ကြီးများနှင့် ဆရာဒကာဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များနှင့်လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများက သွားရောက်လှူဒါန်းခြင်းများကိုလည်း မိမိတို့ဌာနအလိုက် ကုသိုလ်ဒါနပြု ဆွမ်းဆန်တော်များကို သွားရောက်လှူဒါန်းလျက်ရှိကြောင်း၊ ဝါတွင်းကင်းလွတ်သတင်းကျွတ်ကာလများတွင်လည်း ကုသိုလ်ဒါနပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးတင်ပြကြမည့် ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် အကြံပြုဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရုံးများ သန့်ရှင်းသာယာရေး၊ လုံခြုံရေး၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများခရီးသွားလာရေး၊ ပညာရေး၊ စီးပွားရေး၊ အခွန်အခများပြည့်မီစွာ ကောက်ခံရရှိနိုင်ရေးစသည့်ကဏ္ဍများကို မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်သာသနာရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)