ဟိုပုံးမြို့နယ် မဲနယ်‌တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများအား အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများသွားရောက်ထောက်ပံ့ပေးအပ်ပွဲသို့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  တက်ရောက်

ဟိုပုံး  စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်‌တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများအား အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စံဖူးကျေးရွာ အုပ်စု၊ လုံဟီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုး ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ ဩဝါဒကထာနှင့် ပရိတ်တရားတော်များကို နာယူ ဆောက်တည်ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မဲနယ်တောင်ဒေသ ရေဘေးသင့်ပြည်သူများအားတွေ့ဆုံ အားပေးစကားပြောကြားပြီး  မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ပိတ်ဆို့နေသည့်လမ်းများ၊ ပျက်စီးသွားသည့် တံတားများအား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ စက်ယန္တရားများအသုံးပြုကာ နေ့စဉ်ရှင်းလင်းဆောင်ရွက်ပေးနေမှုအခြေ အနေများကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က မဲနယ်တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဟန်က စားသောက်ဖွယ်ရာများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ လှူဒါန်းထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များက နောင်တောင်းပရဟိတတပ်ဦးဘုန်း တော်ကြီး‌ကျောင်းဆရာတော်နှင့် လုံးဟီးကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်တို့အား အလှူငွေများဆက်ကပ်လှူဒါန်းကြ သည်။

ဆက်လက်၍ အလှူရှင်များဖြစ်ကြသည့် KBZ BANK၊ Taunggyi Garden Cityနှင့် မိတ်ဖက်ကုမ္ပဏီများ၊ အဆိုတော်နှင့် သရုပ်‌ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ Bellagio၊ ထားဝယ်ခရိုင်ရွှေလုပ်ငန်းရှင် များအသင်း၊ ကိုနေသူနှင့်သူငယ်ချင်းများ၊ ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်၊ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့မှ အလှူရှင်များက မဲနယ်တောင်‌ဒေသ ရေဘေးသင့်ပြည်သူများအတွက် စက်ယန္တရားများအတွက် လိုအပ်သည့် စက်သုံးဆီ၊ စားသောက်ဖွယ်ရာများနှင့် အခြားအသုံး အဆောင်ပစ္စည်းများထောက်ပံ့ ပေးအပ်ခဲ့ပြီးနောက် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ကျေးရွာပေါင်း(၄၀)ကျော်တို့တွင် တောင်ကျရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ မဲနယ်တောင်ဒေသရှိ ကျေးရွာများသို့ ရပ်နီး/ရပ်ဝေးအလှူရှင်များမှ နေ့စဉ်လာရောက်လှူဒါန်းပေးလျက်ရှိပြီး ယနေ့လှူဒါန်းပေးမှုမှာ ကျပ်သိန်းပေါင်း (၆၀၀)ကျော် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

ပအိုဝ်းဒေသ(ပြန်/ဆက်)