ကလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်

ကလော     စက်တင်ဘာ      ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေများ စီးဆင်းမှုကြောင့်  ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဆောင်အား အမြင့်ပေ ၁၃ ပေခန့်နစ်မြုပ်ခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေများပြန်လည်ကျဆင်းသွားသည့်အတွက် စာသင်ကျောင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလောတပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများဦးဆောင်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ ၊ရပ်ကွက်/ကျေးရွာနေ ဒေသခံပြည်သူများ ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စက်ယန္တရားများနှင့် စုပေါင်းအင်အားတို့ဖြင့် ရွံ့နွံအမှိုက်များဆည်ယူခြင်း၊ စာသင်ခန်းများ၊ စာသင်ခုံများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စာသင်ခန်းများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ပေးခြင်း၊ အိမ်သာများ သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အလားတူရေနစ်မြုပ်ခဲ့သည့် ကလောမြို့တွင်းလမ်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရေနစ်မြုပ်ခဲ့သည့် တပ်မ(၅၅)အတွင်းမှ ဝန်ထမ်းအိမ်ရာလိုင်းခန်းများ၊ ကလောမြို့တွင်းရေပေးဝေသည့် ရေထွက်များ၊ မောမြေဦးပန်းခြံတို့တွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် Grade-8 မှ Grade 12 အထိဖွင့်လှစ်သွားမည်ပြီး စက်တင်ဘာလ ၂၃ နေ့တွင် Grade 1 မှ Grade 12 အထိပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)