ပုသိမ်ကြီး စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မန္တလေး (၇) မြို့နယ်မှ သန္ဓေ/ အရန်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးသုံး စက်ကိရိယာများနှင့်အတူ အောင်မြေသာစံမြို့နယ် မီးသတ်စခန်း၌ အသင့်စုဖွဲ့ ဆောင်ရွက်လျက်ရှိသည်။
တောင်တရုတ်ပင်လယ်မှ မုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြီး၊ ရေကြီးကာ တောင်ကျချောင်းရေကြောင့် ဘေးအန္တရာယ် ကျရောက်နိုင်ပြီး၊ ယခုဖြစ်ပေါ်နေသည့် ရေဘေးအန္တရာယ်မျိုး ထပ်မံဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရေး မန္တလေး (၇) မြို့နယ်၏ သန္ဓေ/ အရန်တပ်ဖွဲ့ဝင်များဖြင့် အဓိကထား အသင့်စုဖွဲ့ထားလျက်ရှိသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မန္တလေးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုက ဦးဆောင်ကြီးကြပ်ပေးခဲ့ပြီး၊ သန္ဓေ/ အရန်ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တပ်စု (၂)စု၊ အင်အား ၇၀ ဦးဖြင့် စုဖွဲ့ထားရှိပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ မီးဘေးလုံခြုံရေးအပြင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အမြဲလေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာနည်ကိုကို