ဗိုလ်တထောင် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ၄ ဘာသာ၊ ၃ ဘာသာနှင့် ၂ ဘာသာ ရရှိသော ကျောင်းသား/ သူများနှင့် တိုင်းအဆင့်/ခရိုင်အဆင့် ထူးချွန်ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာတောင်ညွန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က ဆုပေးပွဲအခမ်းအနားကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုဆုပေးပွဲကျင်းပရာ ၄ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး စုစုပေါင်း ၃၆ ဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ပြီး တိုင်းအဆင့်၊ ခရိုင်အဆင့်ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ခရိုင်အဆင့်အခမ်းအနားနှင့် ပြိုင်ပွဲများတွင် ကူညီပံ့ပိုးလှူဒါန်းပေးကြသော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်ဝင်း (ပြန်/ဆက်)