တောင်ကြီး စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများထိုးဆင်း တိုက်စားမှုကြောင့် တောင်ကြီး-လွိုင်လင်လမ်းပိုင်းရှိ “ဝ”တစ်လုံးလမ်းနှင့် ဂငယ်ကွေ့လမ်း မိုင်တိုင်အမှတ်၊ ၁၆၄/၅ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် တောင်ပြိုမြေများ ဖယ်ရှားရှင်းလင်းနေမှုကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
တောင်ကြီး-လွိုင်လင်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၆၃/၃၊ ၁၆၃/၄၊ ၁၆၄/၅၊ ၁၆၆/၅၊ “ဝ” တစ်လုံးတောင်ပတ်လမ်းနှင့် ဂငယ်ကွေ့တို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ ထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်းတို့ကြောင့် ပိတ်ဆို့မှုဖြစ်နေသည့် တောင်ပြိုမြေများနှင့် သစ်ပင်သစ်ကိုင်းများအား လမ်းဦးစီးဌာနနှင့် နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ရှင်းလင်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ အမြန်ရှင်းလင်းဆောင်ရွက်သွားရန်၊ ယာဉ်များပုံမှန်သွားလာနိုင်ရေး၊ ဘေးအန္တာရာယ်ကင်းရှင်းရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)