မြစ်ကြီးနား စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၈) နာရီခွဲက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဝန်ထမ်းများနှင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် နိုင်ငံတော်အစိုးရနှင့် မိမိတို့ပြည်နယ်အစိုးရတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယနေ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသနေပြည်သူများနှင့် ဝန်ထမ်းများ အဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေး (၃)နှစ်အတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ယခုနှစ်တွင် ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် မည်သည့်အခက်အခဲရှိသည်ဖြစ်ပါစေ ရိတ်သိမ်းချိန်အမီ အဆင်ပြေချောမွေ့အောင် ကြိုတင်စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ယခုနှစ် ဆန်စပါးရာနှုန်းပြည့် ပန်းတိုင်အထွက်နှုန်းရရှိပါက ဆန်ဖူလုံလာမည်ဖြစ်ပြီး နောက်တစ်ဆင့်အနေ ဖြင့် လာမည့်နှစ်မှ စတင်၍ ပူတာအိုဒေသ (၃)နှစ်အတွင်း စားဆီဖူလုံရေးအတွက် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး စီမံချက်ရေးဆွဲပြီး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရရန် အလေး အနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဌာနေတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ရဝမ်၊ လီဆူ၊ တိုင်းခမ်းတီ၊ ဂျိမ်း ဖောစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ တာတန်ရှိသူများနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာဆိုင်ရာ အရာထမ်းအမှုထမ်းများအတွက် ဆန်အိတ် (၁၀၀၀)နှင့် စားဆီ (၅၂၅၀) ပိဿာတို့အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက ပူတာအိုဒေသအခြေအနေနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ အဆိုပါထောက်ပံ့ပေးအပ်မှုများအတွက် ဝန်ထမ်းများနှင့် ပြည်သူများကိုယ်စား မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒုတ္ထန်ရပ်ကွက်အတွင်းရှိ အစိုးရစက်မှု လက်မှုသိပ္ပံ(ပူတာအို)သို့ သွားရောက်ပြီး ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ၊ ဆရာမများနှင့်အတူ ကျောင်းအတွင်း မြို့ပြအင်ဂျင်နီယာဘာသာ၊ လျှပ်စစ်စွမ်းအင် စသည့် ဘာသာရပ်အလိုက်၊ အတန်း နှစ်အလိုက် ကျောင်းသား/ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့လုပ်ဆောင် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်ထပ်စာသင်ဆောင်အတွင်း စာတွေ့သင်တန်းနှင့် ကွန်ပျူတာအခြေခံ၊ ကွန်ပျူတာအဆင့်မြင့် သင်တန်းများ သင်ကြားပို့ချသင်ယူလျက်ရှိသည့် ကျောင်း သား/ကျောင်းသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် အဆိုပါကျောင်းခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ထူးချွန်ထက်မြက်သည့် အင်ဂျင်နီယာကောင်းများစွာ မွေးထုတ် ပေးရန်လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးရာတွင် လည်း သက်ဆိုင်ရာဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်ပြီး နိုင်ငံနှင့် ပြည်နယ်အတွက် အကျိုး ပြုသည့် လူချွန်၊ လူတော်များဖြစ်အောင် ကြိုးစားသင်ကြားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။
ဆက်လက်၍ ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့နယ်အတွင်းရှိ အောက်ဆန်ဂေါင်ကျေးရွာသို့ သွားရောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနပိုင် မွေးမြူရေးသုတေသနခြံ(ပူတာအို)၌ ဒေသငါးများအား သုတေသနပြု၍ ငါးသားပေါက်ခြင်း၊ မျိုးပွားခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စဉ်ဆက်မပြတ် ပုံမှန်လည်ပတ်နိုင်ရေး တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် အဆိုပါ စခန်းအနီး ပါတိတ်ချောင်းဘေး ရှင်းလင်းဆောင်၌ ခရိုင်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ခရိုင်အတွင်း (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေရရှိရေး အတွက် ရေလွှဲဆည်များ ပြုပြင်/အသစ်တည်ဆောက်လျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးမြေရေ တိုက်မှုမှ ကာကွယ်ရေး ရေနှုတ်မြောင်းများ တူးဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပါတိတ်ချောင်းပေါ်တွင် အလျား (၃၀)ပေ၊ အနံ (၆၆)ပေ၊ အမြင့် (၅)ပေရှိ ဒေသခံတောင်သူများ၏ စိုက်ဧကပေါင်း (၃၂၀)အား အကျိုးပြုပြီး ငွေကျပ်သန်း (၁၆၀)အကုန်အကျခံ တည်ဆောက်ထားသည့် နတ်ကုန်တုံရေလွှဲဆည်နှင့် ရေထိန်းတံခါး တည်ဆောက်ပြီးစီးမှု အခြေအနေ အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လီဆူစာပေနှင့်ယဉ်ကျေးမှုကော်မတီတို့က ပူးပေါင်း ကျင်းပသော လီဆူစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ဌာနေတိုင်းရင်း သားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များမှ အကအဖွဲ့များ၏ တိုင်းရင်းသားရိုးရာအကအလှများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် လေယာဉ်ကွင်းဘောလုံးအသင်းနှင့် လယ်မယ်ဝါဂျီ ဘောလုံးအသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုကို ပူတာအိုမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ လယ်မယ်ဝါဂျီအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ ပြီး တိုင်းရင်းသားများ၏ အကအလှများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် ပြည်နယ်ဝန်ကြီး၏ ဇနီးတို့က တိုင်းရင်းသားရိုးရာအကအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေ များကို လည်းကောင်း၊ လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်နယ်လက်ရွေးစင် လီဆူအမျိုးသားဘောလုံးသမားအပါအဝင် ပြိုင်ပွဲတစ်လျှောက်နေရာအလိုက် အကောင်းဆုံးဆုများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ အခြေချစစ်ဗျူ ဟာ(ပူတာအို)စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က တတိယနှင့် ဒုတိယဆုရရှိ သည့် ဘောလုံးအသင်းများအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် လီဆူစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က ပြိုင်ပွဲတွင် အနိုင်ရဗိုလ်ဆွဲခဲ့သည့် လယ်မယ်ဝါဂျီဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၂၅)သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)