ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် စက်တင်ဘာလ ၂၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Cooperation Coordinator ဦးအောင်မိုးကျော်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အချိန်ပိုင်းအလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာ ဒေါ်မာလာဝင်းနှင့် ဦးကျော်မိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့်သူများ တက်ရောက်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၁၈)ရက်နေ့မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးမှ တိုင်း/ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ စုစုပေါင်း(၅၇)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)