မိုင်းယု စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ တောင်တရုတ်ပင်လယ်မှဝင်ရောက်လာမည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက အသံချဲ့စက်များဖြင့် မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နိူးဆော်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သည့်အဖွဲ့က မြို့၏ နမ့်လွေချောင်းကမ်းဘေးတစ်လျှောက်နေထိုင်ကြသည့် ပြည်သူများကိုလည်းကောင်း၊ ရပ်ကျေးစာရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်/ကျေးရွာများရှိ ဘုန်းကြီးကျောင်းမှတဆင့် အသံချဲ့စက်များဖြင့်လည်းကောင်း ရှမ်း-မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ယင်း နိူးဆော်မှုမှာ တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာမည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်း ဖြစ်ပေါ်လာနိုင်၍ တောင်ပေါ်၊ တောင်စောင်း မြေပြိုရန် အန္တရာယ်ရှိသည့်နေရာများ ချောင်းကမ်းဘေး၊ မြစ်ကမ်းဘေးတွင် နေထိုင်သူများ လက်ရှိနေရာများမှ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး၊ ပြောင်းရွှေ့မည့်သူများအနေဖြင့် ဆန်ရိက္ခာ၊ ဆေးဝါး၊ ရေနှင့် လိုအပ်သည်များ နှစ်ပတ်စာစီစဉ်ယူဆောင်ကြရန်၊ ပြည်သူများအနေဖြင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်တို့ကို အသိပေးနှိုးဆော်ခဲ့ပြီး ယင်းနေ့များ၌ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ထားရှိကာ ကူညီကယ်ဆယ်မှုများကို အလျင်အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်