နမ့်စန်(တ) စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ (၁၁) ရက်မှစတင်၍ နမ့်လတ်ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ရေနစ်မြုပ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းပြီဖြစ်၍ အဆိုပါနေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများကို စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် နမ့်စန်မြို့ အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် ရာဟုလာပရိယတ္တိစာသင်တိုက်အတွင်း နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက အဆိုပါ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ရွှံ့၊ နွံ၊ နုန်းများ ရှင်းလင်းဆေးကြောခြင်း၊ အပျက်အစီးနှင့်အမှိုက်များ ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)