ပူတာအို စက်တင်ဘာ ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် လျှပ်ဝန်ထမ်းများအား စက်တင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက စည်ပင်နှင့်လျှပ်စစ်ရုံးခန်းမ၌ သီးခြားစီတွေ့ဆုံကာ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်ရာတွင် စေတနာ၊ အနှစ်နာ၊ဝါသနာထားပြီး လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရငွေသုံးငွေစာရင်းများနှင့်ဌာန၏ လုပ်ငန်းဆောင်ရွက်လည်ပတ်နေမှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းလျာထားဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး မြို့နယ်လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြည်လွင်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပုံမှန်လည်ပတ် ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူးမြို့ နယ်စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃၂) ဦးအတွက် ထောက်ပံ့ငွေ (၃၂) သိန်းနှင့် ပူတာအိုခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ အတွက်ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)