သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက ရေဝင်ရောက်ခဲ့သည့် မောင်းမဆည်ကျေးရွာ အ.လ.က၌ သန့်ရှင်းရေးဆောင်ရွက်

သာစည် စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းများအတွင်း ရေဝင်ရောက်ခဲ့မှုကြောင့် ကျောင်းသား/ သူများ ပညာသင်ယူရာတွင် နှောင့်နှေးမှုမရှိစေရန် ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ မောင်းမဆည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျေးရွာသူ၊ ရွာသားများ စုပေါင်းကာ ကျောင်းဆောင်များတွင် တင်ကျန်ခဲ့သည့် ရွံ့နွံများအမှိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ စာသင်ခုံများသန့်ရှင်းစေရေးဆောင်ရွက်ခြင်း၊ မီးသတ်ယာဉ်ဖြင့် ရေထိုးဆေးကြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ကျောင်းသား/သူ ၂၁၃ ဦး ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)