ခရမ်း စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ခရမ်းမြို့ အ.ထ.က ၁ အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာဗဟုသုတများ ပိုမိုရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံတော်အကျိုးသယ်ပိုးထမ်းရွက်နိုင်သည့် လူငယ်များဖြစ်လာစေရန်၊ ကြိုးစားကြရန်နှင့် လူအများရှေ့၌ ရဲဝံ့စွာစကားပြောတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်စကားဝိုင်းများအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-10မှ မောင်ထက်သူအောင်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ထူးအောင်လင်း “ကလူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မယုယလင်းက “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မရွှေရည်ရွှန်းက လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 မောင်လင်းခန့်ဇော်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်နှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)