အမရပူရ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ယမန်နေ့နံနက်၁၀နာရီအချိန် ကနိုင်ငံတော်အကြီးအကဲက KG + 12 တက်ရောက်နေသည့် ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ် အရွယ်ဖြစ်ပြီး KG + 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲသို့ ရောက်ရှိမည်ဖြစ်ရာ အသက်အရွယ်အရ မဲပေးရန်အကျုံးဝင်နိုင်သူများ ဖြစ်လာနိုင်၍ ၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတို့နှင့်ပတ်သက်၍ သိရှိအောင်ဆောင်ရွက်ပေးရန် လမ်းညွှန်မှုအရ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာ ဟောပြောပွဲကို ကျင်းပခဲ့သည်။
ဦးစွာ အမရပူရမြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းက ကျောင်းသား၊ ကျောင်းသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအဆင့်ဆင့်ကို လွတ်လပ်ရေးမရမီ၊ လွတ်လပ်ရေးရပြီးခေတ် ဆောင်ရွက်ခဲ့ပုံတို့ ဖွဲ့စည်းပုံအခြေခံပါဥပဒေများထဲမှ သိသင့်သိထိုက်သောအချက်များကို Projector ဖြင့် ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပါနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပါအကြောင်းအရာများမှ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သော ကဏ္ဍများကို ရွေးကောက်ပွဲကော်မရှင်အကြောင်းအရာများ၊ မဲပေးခြင်းအခန်းကဏ္ဍများကိုလည်း Projector ဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)