မော်လမြိုင်မြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်

မော်လမြိုင် စက်တင်ဘာ ၂၀

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိရပ်ကွက် (Cyclone Shelter)တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများနှင့် ဒေသခံပြည်သူများမှ ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်ရာတွင် မုန်တိုင်းဘေး၊ ရေဘေးစသည့်သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများအနေဖြင့် တုံ့ပြန်ဆောင်ရွက်ရာတွင် ရှောင်ရန်/ဆောင်ရန် အချက်များ၊ မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ကာ ကြိုတင်သတိပြုရမည့် အခြေအနေများ၊ ဘေးလွတ်ရာယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခိုလှုံခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်း၊ ဘေးလွတ်ရာသို့ ရောက်ရှိသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ပူးပေါင်းလေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။

မြင့် (ပြန်/ဆက်)