ရန်ကင်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine)တုံ့ပြန်တိုက် ကျွေးခြင်း လုပ်ငန်းအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်က ရန်ကင်းမြို့နယ်အနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအား ဇူလိုင်လဆန်းမှစတင်ခဲ့ပြီး ရန်ကင်းမြို့နယ်တွင်သာမက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း ဖြစ်ပွားမှုတွေရှိခဲ့ကြောင်း၊ ရန်ကင်းမြို့နယ် အ နေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ၈၁ ဦးခန့်ရှိခဲ့ရာမှာ ကာလဝမ်း ရောဂါဖြစ်ပွားသူ ၁၇ ဦးရှိခဲ့ကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသည့် ရန်ကင်း၊ ဒေါပုံ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ လှိုက်သာယာ၊ တောင်ဥက္ကလာပမြို့နယ် များတွင်ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကင်းမြို့နယ်အနေဖြင့်ပြင်ထန်းဝမ်းပျက် ဝမ်းလျှောရောဂါကာ ကွယ်ဆေးတိုက်ကျွေးရန်အတွက်ဆေးပမာဏ ၁၆၄၀၈ ဦးစာ ရရှိမည် ဖြစ်ပြီး ရောဂါဖြစ်ပွားမှုနှုန်း များသည့် နေရာများ၊ ဖြစ်ပွားနိုင်ခြေရှိသည့်နေရာများ၊ သံသယရှိသည့်နေရာများ၊ လူစူလူဝေးရှိသည့်နေရာများ တွင်ပိုမိုတိုက်ကျွေးသွား မည်ဖြစ်ကြောင်း၊ အဆိုပါကာကွယ်ဆေး တိုက်ကျွေးမည့်အစီအစဉ်များအား စက်တင်ဘာ ၂၁ ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးတိုက် ကျွေးရာတွင်လည်း အသက် ၁ နှစ် အထက်ကလေးငယ်များ၊ အသက် ၁ နှစ်အထက် နို့တိုက်မိခင်များကိုပါတိုက်ကျွေးသွားမည်ဖြစ်ပြီး အသက် ၁ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ဆေးတိုက်ကျွေးခြင်း မပြုရန်ဖြစ်ကြောင်း၊ ကာကွယ်ဆေးတိုက်ကျွေးမည့်အစီအစဉ်များကိုလည်း ဆေးတိုက်ပြုလုပ် မည့် စုရပ်များခွဲကာဆောင်ရွက်သွားမည်ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံသို့ အကြောင်းကြား ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကာကွယ်ဆေး သောက်မည့်သူများအား စာရင်းပြုစုပေးထားရန်လိုကြောင်း၊ ဌာနဆိုင်ရာများမှ ကာကွယ်ဆေးသောက်လိုသည့် ဝန်ထမ်းများ ရှိပါကလည်း စာရင်းများ ပြုစုထားရန်လိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ် ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)