ရန်ကုန် စက်တင်ဘာ ၁၉
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်ကို စက်တင်ဘာ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိရာ အဆိုပါပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားခန်းမအတွင်းနေရာယူပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းသို့ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ကျင်းပရခြင်း၏ အကျိုးကျေးဇူးအဖြစ် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွက်လာနိုင်ပြီး နိုင်ငံတော်အဆင့်၊ အာဆီယံအဆင့် စံချိန်ချိုးနိုင်သည့်အားကစားသမားများ ထွန်းပေါက်လာနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါထူးချွန်အားကစားသမားများကို ရေရှည်ရပ်တည်နိုင်ရေး ပံ့ပိုးပေးစေလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများမှလည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအဖြစ် မျှော်မှန်းကြိုးစား ယှဉ်ပြိုင်သွားကြရန်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနှင့်ဆပ်ကော်မတီများမှ တာဝန်ရှိသူများကလည်း အားကစားနည်းအလိုက် လစ်ဟာမှုမရှိအောင်ဆောင်ရွက်သွားကြရန်နှင့် ပါဝင်ယှဉ်ပြိုင်မည့်အားကစားသမားများကို အောင်မြင်လိုသည့် စိတ်ဓါတ်ကောင်းများ၊ အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရမည်ဖြစ်ပြီး ထူးချွန်အောင်မြင်စွာ ထွက်ပေါ်လာမည့် အားကစားသမားများကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ အားကစားခန်းမအတွင်းမှ ပြန်လည်ထွက်ခွာပြီးနောက် မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ Fitness Dance ကျွမ်းဘား အစရှိသည့် အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရပ်နားခဲ့သည်။
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်တွင် ဘောလုံး၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ ဂေါက်သီး၊ ခရစ်ကက်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဘော်လီဘော၊ ရေကူး၊ ပြေးခုန်ပစ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ အလေးမ၊ ဝူရှူးနှင့် မသန်စွမ်းအားကစားစသည့် အားကစားနည်း(၂၄)နည်းပါဝင်ပြီး ပြိုင်ပွဲများတွင် ကစားသမား (၂၄ဝ၇)ဦးနှင့် အုပ်ချုပ်သူ/နည်းပြ (၅၉၉)ဦး စုစုပေါင်း (၃ဝဝ၆)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်