သထုံမြို့နယ်၌ သက်မွေးအ‌ထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ ကျင်းပ

သထုံ  ‌  စက်တင်ဘာ          ၁၉

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဥ်တစ်ခုအဖြစ် သထုံမြို့နယ်၌ အခမဲ့ ဖွင့်လှစ်ခဲ့သည့် ကျေးလက်နေ အမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအ‌ထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက် သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က သထုံမြို့၊ လိပ်အင်း ရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဒေါ်သီတာဝင်းစံက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့် မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ သင်တန်းကို အခမဲ့စားရိတ်ငြိမ်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိုးပိုင်က သင်တန်း၌ ထူးချွန်သည့် သင်တန်းသူ‌အား ဂုဏ်ပြုဆုချီးမြှင့်ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သထုံမြို့နယ်အတွင်းရှိ ကျေးရွာ (၇)ရွာတို့မှ သင်တန်းသူ(၁၅)ဦး တို့အား အဆင့်မြင့် စက်ချုပ်ဘာသာရပ်များကို ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး သင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီတာဝင်းစံ နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်