တပ်ကုန်းမြို့နယ် နဝင်းချောင်း ရေကြီးပြီး တင်ကျန်ခဲ့သော ရွှံ့နွံ၊ သစ်တုံးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေး

တပ်ကုန်း စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နဝင်းချောင်းရေများလျှံတက်ကာ ရပ်ကွက်ကျေးရွာအချို့နှင့် ဆေးရုံ၊ အခြေခံပညာကျောင်းများ၊ သာသနိကအဆောက်အဦရေများ ဝင်ရောက်ခဲ့ပြီး ယခုအခါရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ထမ်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တပ်ကုန်း ၁၀၀ ပြည်သူ့ဆေးရုံတွင် ဆရာ၊ ဆရာမ အင်အားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ဦး၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) အခြေခံအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ အင်အားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ဦး၊ ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဆရာ၊ ဆရာမ အင်အားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ဦးတို့မှ ရွှံ့နွံတင်ကျန်ရစ်သောပစ္စည်းများ၊ အဆောက်အဦများ၊ စာသင်ခန်းများအတွင်း၌ ကျန်ရစ်ခဲ့သော ရွှံ့နွံများ၊ အမှိုက်များအား ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စံသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်စိုးတို့က အနီးကပ်ကြီးကြပ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်