သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆင်သေချောင်းဖြတ်ကူးတံတား ပျက်စီးမှုကွင်းဆင်းကြည့်ရှု

တပ်ကုန်း စက်တင်ဘာ ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ချုပ် ဦးသိန်းလွင်နှင့် ဝန်ကြီးဌာနမှညွှန်ချုပ်တို့သည် ယမန်နေ့ညနေပိုင်းက တပ်ကုန်းမြို့နယ်၊  သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာ၊ ဆင်သေချောင်းအားဖြတ်၍ သပြေချောင်းကျေးရွာနှင့် ရွှေမြို့ကျေးရွာသို့ ဆက်သွယ်တည်ဆောက်ထားသော အကျယ် ၁၄ ပေ၊ အလျား ၃၆၀ ပေရှိ သံဘောင်သစ်သားကြမ်းခင်းတံတား ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိများက အကျယ် ၁၄ ပေ၊ အရှည် ၃၆၀ ပေရှိ သံဘောင် သစ်သားကြမ်းခင်းတံတားမှာ အကျယ် ၁၄ ပေ၊ အရှည် ၃၂၀ ပေ ပျက်စီးပြီး ချဥ်းကပ်လမ်းပေ ၇၀၀ ခန့်ပျက်စီးမှုအခြေအနေ၊ ယခင် ဆင်သေချောင်း အကျယ် ၃၂၀ ပေရှိခဲ့ရာမှ ရေတိုက်စားမှုကြောင့် ယခုချောင်း အကျယ် ၁၀၅၀ ပေ ဖြစ်ပေါ်သွားမှုအခြေအနေ၊ စုစုပေါင်းကာလတန်ဘိုး သန်း ၁၂၀၀ ပျက်စီးမှုအခြေအနေ၊ ချောင်းမြေမှာ သဲမြေဖြစ်သဖြင့် ရေတိုက်စားလွယ်မှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် အဆိုပါတံတား ပြန်လည်တည်ဆောက်ရန် ညွှန်မှူး ဒေါ်ခိုင်ခိုင်စိုး ဦးစီးအဖွဲ့မှ တံတားဒီဇိုင်းရေးဆွဲရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးစီးအဖွဲ့သည် နေအိမ်ရေမျောပါသွားသော သပြေချောင်း ကျေးရွာနေအိမ်ထောင်စု ၁၆ စုမှ လူဦးရေ ကျား၊ မ ၇၅ ဦးတို့အတွက် ၂၄ ပြည်ဝင် ဆန် ၅ အိတ် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်