ရန်ကုန် စက်တင်ဘာ ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ပြုလုပ်သော ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်တွင် အသင်းရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့ရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Senior Cooperation Officer ဒေါ်အေးသန္တာထွန်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Senior Management Services Manager ဦးကျော်ဦးခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို အသင်း၏ဘေးကင်းလုံခြုံမှုဆိုင်ရာစီမံခန့်ခွဲမှုအတွက် မြို့နယ်အသင်းခွဲအဆင့်ဆင့်တွင် ဘေးကင်းလုံခြုံမှုဆိုင်ရာညှိနှိုင်းချိတ်ဆက်မှုကွန်ယက်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အသင်းအဆင့်ဆင့်တွင် ဘေးကင်းလုံခြုံမှုဆိုင်ရာလုပ်ငန်းအစီအစဉ်များ၊ အနိမ့်ဆုံးစံသတ်မှတ်ထားသော ဘေးကင်းလုံခြုံမှုဆိုင်ရာလိုအပ်ချက်များ/လုပ်ထုံးလုပ်နည်းများ၊ ရှေ့လုပ်ငန်းစဉ်များပေါ်ထွန်းလာစေရေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွင်း ဘေးကင်းလုံခြုံမှုဆိုင်ရာအသိပညာများအား ထပ်ဆင့်မျှဝေပေးနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်လျက်ရှိသည်။
ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) ကို စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်(၆)ခုမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၈) ဦးတက်ရောက်လျက်ရှိပြီး ကျန်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် သင်တန်းကို ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)