ဒဂုံတောင် စက်တင်ဘာ ၁၉
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အ.ထ.က(ခွဲ) အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(ခွဲ) အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာဟန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက လူကုန်ကူးမှုအကြောင်းအသိပညာပေးပြောကာ စာရေးဆရာသက်ဝေမောင်က ယနေ့လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့်သက်ဆိုင်သော အသိပညာပေးဟောပြောရာတွင် လူငယ်များကျောင်းစာအပြင် သုတရသစာအုပ်များ ဖတ်ရှုရန်လိုအပ်ကြောင်းများ၊ ဖတ်သင့်သောစာပေအမျိုးအစားများ၊ မဖတ်သင့်သော စာပေအမျိုးအစားများကို သက်ဆိုင်ရာစာအုပ်အကြောင်းအရာများဖြင့် ဥပမာပေး ဟောပြောပြီးနောက် ဉာဏ်စမ်းမေးခွန်းများမေးကာ အဖြေမှန်ရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်များပေးကြသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးအောင်