မော်လမြိုင် စက်တင်ဘာ ၁၉
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/ ၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများသည် အရေးပါဆုံးအခန်းကဏ္ဍတွင်ပါဝင်သဖြင့် အားပေးဆောင်ရွက်ကြရန် လိုအပ်သလိုရင်းနှီးမြှုပ်နှံသူများပါဝင်သည့် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရင်းနှီးမြုပ်နှံသူများ လုပ်သာကိုင်သာရှိအောင်၊ စီးပွားရေးအခြေအနေ အလားလာကောင်းများရှိလာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်၊၊
ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်မှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)